FIND YOUR BEST PROPERTY

Properties for Sale / Rent in Myanmar

 

”မြေဂရန်အမည်ပေါက်ရအောင် ဘယ်လိုဆောင်ရွက် ရမလဲဆိုတာ သိချင်လို့ပါ ဆရာ”

 

 

မိတ်ဆွေတစ်ဦးက စာရေးသူ ရှိရာရုံးခန်းသို့ ရောက်ရှိ လာပြီး ဆွေးနွေးခြင်း ဖြစ်သည်။

 

”ဦးတင်က မြေကွက်ဝယ်ထား လို့လား”
”ဟုတ်ကဲ့ ဆရာ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ပါတယ် ပြောတယ်။ မြေကွက်က ဂရန်မြေကွက် ဆိုတော့ဝယ်ထားရင်ကောင်း မလားလို့”
”ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူးလား”
”အခုက စုံစမ်းရုံအဆင့်ပဲဆို တော့ ဂရန်ဓာတ်ပုံ မိတ္တူမရခဲ့သေးဘူး”
”စရန်ငွေမချရသေးဘူးပေါ့”
”ဟုတ်ပါတယ် ဆရာ။

 

ဘယ်လို အဆင့်တွေ ဆောင်ရွက်ရမယ်ဆိုတာလဲ သိချင်လို့ဆရာ့ဆီ ဝင်လာတာ”

 

”မြေဂရန်မှာ ရောင်းမယ်ဆိုသူရဲ့ အမည်ပေါက်လား”

 

”အကျိုးဆောင် အိမ်ပွဲစားပြောတာတော့ ရောင်းသူ အမည်ပေါက်လို့ ပြောတယ် ထင်တယ်။ ဂရန်အမည်ပေါက်ဖြစ်လို့ အဆင်ပြေတယ်လို့ ပြောတာပဲ ဆရာ”

 

”ရောင်းသူကိုယ်တိုင် မြေဂရန် အမည်ပေါက် ဆိုရင်တော့လုပ်ဆောင်ရမယ့် အဆင့်က နည်းနည်း သက်သာသွားတာပေါ့။
ဒါပေမယ့် မြေဂရန်အမည်ပေါက်ဖြစ်သူက ကွယ်လွန်သွားမယ်။

 

မြေဂရန်အမည် ပေါက်သူထံက မှတ်ပုံတင်အရောင်းအဝယ်စာချုပ် မပြုလုပ်ဘဲ ဝယ်ထားသူ ထပ်ဆင့်ရောင်းတာလည်း ရှိတတ်တယ်”
”ပထမဆုံး ဘယ်လို စိစစ်ဆောင်ရွက်ရမလဲ ဆရာ”
”ရောင်းသူက မြေဂရန်ဓာတ်ပုံ မိတ္တူ မပေးရင်တော့မြေကွက်အမှတ်၊ ဂရန်အမည်ပေါက်အမည်၊ အတိုင်း အတာ၊နှစ် ၆ဝ ဂရန် ဟုတ်မဟုတ် စတဲ့အချက်တွေကို ရေးမှတ်ယူပြီး ရန်ကုန်မြို့တော်ခန်းမမှာရှိတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမြို့ပြနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ သွားရောက်စုံစမ်းရပါတယ်”
”အချို့ မြေကွက်တွေက ကန့်ကွက်ထားတာတွေလည်း ရှိတတ်တယ်လို့ ပြောတယ် ဟုတ်ပါသလား”
”ဖြစ်နိုင်ပါတယ်။

 

ဒါကြောင့် သွားရောက်စုံစမ်းတဲ့အခါမှာ ရောင်းသူအမည်နဲ့ ဂရန်မှာ အမည်ပေါက် နေသလား။
ကန့်ကွက်သူ ရှိမရှိ၊ ဂရန် သက်တမ်း ကုန်မကုန်ဆိုတဲ့ အချက်တွေကို အဓိက စုံစမ်းရမှာ ဖြစ်တယ်”
”ဒီအချက်တွေ ပြည့်စုံရင် အ ရောင်းအဝယ်လုပ်လို့ ရပြီလား”
”မြေဂရန်အမည်ပေါက်က ရောင်းမည့်သူ့ရဲ့ အမည်ဖြစ်နေပြီး၊ နှစ် ၆ဝ ဂရန် သက်တမ်းမကုန်သေးဘူးဖြစ်မယ်၊ ကန့်ကွက်ထားသူလည်း မရှိဘူးဆိုရင် ‘စရန်ပေးစာချုပ်’ ချုပ် ဆိုလို့ ရပြီပေါ့”
”အရောင်းအဝယ်စရန်ပေး စာချုပ် ချုပ်ဆိုပြီးပြီ ဆိုတော့ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဖို့ ကိစ္စက ဘယ်လိုဆောင်ရွက် ရပါသလဲ”
”အဆင့်တွေကတော့များတယ်၊ ဦးတင်နားလည်အောင် ပြောရရင်-

 

၁။ ဂရန်အမည်ပေါက်သူထံက တိုက်ရိုက်ဝယ်မယ်ဆိုရင် ရောင်းသူ (ဂရန်အမည်ပေါက်သူ) က မြို့တော်ခန်းမမှာ သွားပြီး မြေပုံမြေရာဇဝင်ကူးပေး ရပါမယ်။
၂။ မြေပုံမြေရာဇဝင်ရပြီဆိုရင် အရောင်းအဝယ် အရပ်ကတိစာချုပ်ကို ချုပ်ဆိုရပါတယ်။
၃။ အရပ်ကတိစာချုပ် ချုပ်ပြီးရင် အရောင်းအဝယ်ပြုလုပ်တဲ့ အိမ်နဲ့ မြေကို ရှေ့ဘက်၊ ဘေးဘက် ဓာတ်ပုံ နှစ်ပုံစီ၊ စုစုပေါင်း လေးပုံနဲ့အတူ

 

– အရောင်းအဝယ် ကတိစာချုပ် မိတ္တူ၊
– ဝယ်သူရဲ့ နိုင်ငံသား ကတ်ပြား မိတ္တူ၊
– အိမ်ထောင်စု စာရင်း မိတ္တူ ခြောက်စုံစီကို ယူသွားပြီး ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ (အခွန်ဦးစီးဌာန) မှာ အမြတ်ခွန်ပေးဆောင်ဖို့နဲ့ အခွန် တံဆိပ်ခေါင်း ကပ်ဖု့ိအတွက် တင်ပြ လျှောက်ထားရပါတယ်။

 

၄။ သက်ဆိုင်ရာ အခွန်ဦးစီးဌာနက လျှောက်ထားသည့် မြေကွက်ကို ကွင်းဆင်းစစ်ဆေးပါတယ်။
ပြီးတော့မှ အိမ်နှင့်မြေကာလတန်ဖိုး သတ်မှတ် ပေးပါတယ်။

 

၅။ အိမ်နှင့် မြေကာလတန်ဖိုး သတ်မှတ်သည့် တန်ဖိုးငွေ အပေါ် ဝယ်သူ အနေဖြင့်

 

– ဝင်ငွေရလမ်းမဖော်ပြနိုင်လျှင် ဖြစ်စေ၊
– ဝင်ငွေရလမ်း ဖော်ပြနိုင်သော်လည်း ဝယ်ငွေ တန်ဖိုးထက် နည်းနေပါက ယင်းငွေကို နုတ်ပြီး ကျန်ငွေအပေါ်မှာ အိမ်မြေ တန်ဖိုး
– (၁) ကျပ်မှ ကျပ်သိန်း ၃ဝဝ ထိ ၁၅ ရာခိုင်နှုန်း။
– ကျပ်သိန်း ၃ဝ၁ မှ ကျပ်သိန်း ၁ဝဝဝ ထိ ၂ဝ ရာခိုင်နှုန်း။
– ကျပ်သိန်း ၁ဝဝ၁ ကျပ်မှ အထက်ကို ၃ဝ ရာခိုင်နှုန်း သတ်မှတ်၍ အခွန်ငွေထမ်းဆောင် ရပါတယ်။

တစ်ဆက်တည်း အိမ်မြေတန်ဖိုးပေါ် မူတည်ပြီး တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်း စာချုပ်စာတမ်း မှတ်ပုံတင် ချုပ်ဆိုရာမှာ ထမ်းဆောင်ဖို့အတွက် သတ်မှတ်ပေးပါတယ်။

 

၆။ အဲဒီသတ်မှတ်ပေးထားတဲ့ ကျသင့်သည့် အခွန်ငွေကို မိမိနေထိုင်ရာမြို့နယ် အခွန်ဦးစီးဌာနရုံးနဲ့ မြို့နယ်ဘဏ် တို့မှာ သွားရောက်ငွေသွင်းရပါတယ်။
မြို့နယ်အခွန်ဦးစီးဌာနက ငွေသွင်းပြီးကြောင်း တိုင်းအခွန်ဦးစီးဌာနကို အကြောင်းကြားပါတယ်။
တိုင်းအခွန်ဦးစီးမှူးရုံးက ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကို အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုနိုင်ကြောင်း အကြောင်းကြားစာ ပေးပို့ပါတယ်။

 

၇။ ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုတဲ့အခါ မြေအမည်ပေါက် ရောင်းသူကိုယ်တိုင် ရောင်းသူအဖြစ် လက်မှတ်ရေးထိုးရပါတယ်။
ဝယ်သူနဲ့ သက်သေ နှစ်ဦး၊ လက်မှတ်ရေး ထိုးရတယ်။

စာချုပ်ချုပ်ဆိုပြီးရင်တော့ မှတ်ပုံတင်ကြေးပေးသွင်းရပါ တယ်။

 

၈။ မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီး သုံးပတ်ကြာရင်တော့မှတ်ပုံတင်အပြီးအပိုင် အရောင်းအဝယ်စာချုပ်ကိုထုတ်ယူလို့ ရပါပြီ”

 

”မြေဂရန်အမည်ပြောင်းမယ် ဆိုရင်ဘယ်လိုဆက်လုပ်ရမလဲ ဆရာ”
”အရောင်းအဝယ် မှတ်ပုံတင် စာချုပ်နဲ့ ဝယ်သူ့ရဲ့မှတ်ပုံတင် ကတ်ပြားကိုယူပြီး မြို့တော်ခန်းမကိုသွားလို့အမည်ပြောင်းလျှောက်ထား ရပါတယ်။မြေယာဌာနက သတ်မှတ်တဲ့ အမည်ပြောင်းခ၊သတင်းစာ ကြော် ငြာခတွေ ပေးသွင်းပြီးကန့်ကွက်သူရှိ မရှိတစ်ပတ်၊ ၇ ရက် စောင့်ရပါတယ်။ကန့်ကွက်သူမရှိရင်တော့ မိမိ ဝယ်ထားတဲ့ မြေဂရန်မူရင်းကိုသက်ဆိုင်ရာက အမည်ပြောင်းလဲ မှတ်သား ပေးသွားမှာဖြစ်ပါတယ်”

 

”ကျေးဇူးပဲ ဆရာ၊အခုလို သိထားတော့ ဝယ်သူအနေနဲ့ စိစစ်ပြီး စိတ်အေးရတာပေါ့” ဟု ပြောကာ ဉာဏ်ပူဇော်ခပါ ဆိုပြီးငွေကျပ် ငါးသောင်း ပေးသွား ခဲ့ပါသည်။

 

Google Play download link ==> https://bit.ly/342GJGa

 

ထီယု (ဥပဒေအတိုင်ပင်ခံ)


Credit – Zaygwet Journal

 

No Internet Connection