သင့်အတွက် အကောင်းဆုံး အိမ်ခြံမြေများကိုရှာဖွေလိုက်ပါ

ရောင်းရန်နှင့်ငှားရန်ရှိသော အိမ်ခြံမြေများ

 

 

မနေ့က ညီမငယ် တစ်ဦးက messenger ကနေပြီး
" သမီး တခုလောက်မေးကြည့်ချင်လို့ပါ။

 အိမ်ရှင်အိမ်ငှါးစာချုပ်ချုပ်တဲ့အခါလေ စာချုပ်ပါငွေရဲ့ ၁၀ ရာခိုင်နှုန်းက အခွန်ပေးရတယ်ပြောလို့ပါ။ အဲ့ဒါ
အိမ်ရှင်က 2% အိမ်ငှါးက 8% ဆိုပြီးလဲပြောကြသလို
အိမ်ရှင်ကပဲ အားလုံးဆောင်ရတာလား
ဆိုတာလေး သိချင်လို့ပါအစ်မ " လို့မေးလာပါတယ်။ 

ဒီမေးခွန်းလေးကို ကြည့်ပြီး အိမ်ရှင် အိမ်ငှါး
အခွန်ထမ်းဆောင်ရတာကို ဝင်ငွေခွန် သဘောတရားရယ်
ကုန်သွယ်ခွန် သဘောတရားရယ်
2% withholding tax ရယ် မကွဲပြားတဲ့
သဘောတရားလေးကို သွားတွေ့တာနဲ့
အများအတွက်လည်း ရှင်းရှင်းလင်းလင်း သိရှိစေလိုတဲ့
ရည်ရွယ်ချက်နဲ့ post အဖြစ် ရေးတင်လိုက်ပါတယ်။

အိမ်ရှင် နဲ့ အိမ်ငှါး ဘယ်သူက အခွန်ဆောင်ရမှာလဲ
------------------------------------------
ကုန်သွယ်ခွန်ဘက်ကနေ အရင် ပြောပါမယ်
၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ
အခန်း(၆)ကုန်သွယ် လုပ်ငန်းခွန် အပိုဒ် (၁၄)အပိုဒ်ခွဲ (ဃ)
မှာ -
အောက်ဖော်ပြပါဝန်ဆောင်မှု လုပ်ငန်းများအား
ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေရ
ဆိုပြီး ဇယား တစ်ခုဖြင့် ဖော်ပြထားသည့်အနက် ဇယားပါ အချက် (၁)မှာ
စီးပွားရေး လုပ်ငန်းအဖြစ် နေအိမ်ငှါးရမ်းခြင်း ဝန်ဆောင်မှု လုပ်ငန်းမှ အပ ဖြစ်သည့် နေအိမ်ငှါးရမ်းခြင်း ဝန်ဆောင်မှု လုပ်ငန်း။
လို့ ဖော်ပြပါရှိပါတယ်။
ဒီအချက်အရ စီးပွားရေးလုပ်ငန်း အဖြစ် နေအိမ်ငှါးရမ်းခြင်း မဟုတ်ရင် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း မရှိပါဘူး။

 

သို့ပေမဲ့ ကုမ္ပဏီ ဖွင့်ဖို့ လိုမျိုး , တည်းခိုခန်း , မိုတယ်, စာသင်ခန်း စသဖြင့် စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန်အလို့ငှါ ငှမ်းရမ်းခြင်း ကိစ္စ ဆိုရင်တော့

ကုန်သွယ်ခွန် ကျသင့်မှာ ဖြစ်ပါတယ် ။

 ဒါဆိုရင် ကုန်သွယ်ခွန် ဆိုတာ စားသုံးသူ (end user )ရဲ့ ကိုယ်စား ရောင်းချသူ သို့မဟုတ် ဝန်ဆောင်မှုကို ဆောင်ရွက်ပေးသူက ကိုယ်စားဆောင်ပေးရတဲ့

(indirect tax ) အမျိုးအစား ဖြစ်လို့ကျသင့်အခွန်ကို စီးပွားရေးလုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့်
ငှါးရမ်းသူ (အိမ်ငှါး)က ပေးဆောင်ကျခံပေးရမှာ ဖြစ်ပြီး
အဆိုပါ အိမ်ငှါးရဲ့ ကိုယ်စား အိမ်ရှင်က လက်ခံရရှိငွေမှ နှုတ်ယူ ဖြတ်တောက် အခွန်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

(မျက်စေ့ထဲ စားသောက်ဆိုင် မှာ သွားစားတာလေး မြင်ကြည့်ပါ...
CT 5% ပါဝင်ပြီး ဖြစ်တဲ့ price နဲ့ ကျသင့်ငွေကို ရှင်းပေးရလို့ ဆောင်ရတာက စားသုံးသူရဲ့ပိုက်ဆံ
ရောင်းချတဲ့ ဆိုင်က စားသုံးသူ ကိုယ်စား ဖြတ်တောက်နှုတ်ယူ ဆောင်ပေးတဲ့ သဘောတရားလေးလေ)

အရပ်စကားနဲ့ ပြောရရင် အခွန်တန်ဖိုးပါပြီးသား အိမ်ငှားက ပေးရတဲ့ rental price ကနေ အိမ်ရှင်မှ အခွန်ကို နှုတ်ယူ ပြီး ကုန်သွယ်ခွန် ပေးဆောင်ပေးရမှာ ဖြစ်ပါတယ်။

 (ရှုပ်လား .... မရှုပ်ပါဘူးနော် .... ဝင်ငွေခွန် မပါသေးဘူး အဲ့ကျမှ ထပ်ရှုပ်မယ်)

 ကဲ.... ဝင်ငွေခွန်ဘက်က ဆက်ကြည့်ကြစို့
-------------------------------------

ဝင်ငွေခွန် ဥပဒေ အခန်း(၅) ဝင်ငွေ ရရှိသည့် အချိန်၌ အခွန်ပေးဆောင်ခြင်း အခန်း ပုဒ်မ ၁၅ အရ မည်သူမဆို နှစ်တစ်နှစ်အတွင်း အခွန်စည်းကြပ်ထိုက်သော

စုစုပေါင်းဝင်ငွေ သို့မဟုတ် အခြေပစ္စည်းမှ မြတ်စွန်းငွေ ရရှိလျှင် ထိုသို့ ဝင်ငွေ ရရှိချိန်၌ ဝင်ငွေခွန်ပေးဆောင်ရန် တာဝန်ရှိစေရမည် ... လို့
ပြဌာန်းထားပါတယ်။

ဒါကြောင့် အိမ်ရှင် အိမ်ငှါး ကိစ္စ မှာ အိမ်ရှင်က ဝင်ငွေ ရတဲ့သူဆိုတော့ အိမ်ရှင်ရဲ့ ပိုက်ဆံနဲ့ဆောင်ရမှာပေါ့
ဒါဆို အိမ်ငှါးခရငွေ ဆိုတာ ဝင်ငွေ ရလမ်း (၇)မျိုးထဲက

ဘယ်ခေါင်းစဉ်နဲ့ အကြုံးဝင်တာလဲ
------------------------------ 

ဝင်ငွေခွန်ဥပဒေ အခန်း (၄) ပုဒ်မ ၈ အပိုဒ် (က)မှာ
ဝင်ငွေရလမ်း ၇ မျိုး ကို ဖော်ပြထားပြီး ပုဒ်မ ၁၂ အပိုဒ်(က)မှာ
မည်သူမဆို မြေ သို့မဟုတ် မြေနှင့်အဆောက်အဦး ငှါးရမ်းခြင်းမှ မိမိရရှိသော ဝင်ငွေ အတွက် ပစ္စည်း ခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည် ဟု ပြဌာန်း ထားရှိပါတယ်။ 

ဒါဆို ဘယ်နှစ်ရာခိုင်နှုန်း ဆောင်ရမလဲ
--------------------------------- 

၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ အခန်း (၇)ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၁၉ အပိုဒ် (ခ)အရ
ဝင်ငွေခွန် ဥပဒေတွင် မည်သို့ ပြဌာန်း ပါရှိစေကာမူ မည်သူမဆို မြေငှါးရမ်းခြင်း၊ အဆောက်အဦး ငှါးရမ်းခြင်း၊ အခန်း ငှါးရမ်းခြင်း တို့မှ ရရှိသော စုစုပေါင်း

ငှါးရမ်းခ ရငွေ အပေါ် ပုဒ်မ ၆ အရ သက်သာခွင့်များ နှုတ်ပယ်ပြီး
(ပုဒ်မ ၆ က ဘာတွေလဲ တော့ ရေးမပြတော့ဘူးကိုယ့်ဘာသာ ရှာဖတ်တော့ နော်)
ကျန်ငွေအပေါ် ၁၀% တစ်ဆယ် ရာခိုင်နှုန်း ဖြင့် ဝင်ငွေခွန် သီးခြား စည်းကြပ်ရမည်.... လို့ ပြဌာန်း ထားပါတယ် ။ 

အဲ့ဒီမှာ ကြိုတင်အခွန်ထမ်းဆောင်တဲ့ 2% withholding tax ရဲ့ သဘောတရားလေးနဲ့ နည်းနည်းလေး ရှုပ်ထွေးတတ်ကြတာပါ။

2% WHT ဟာ ဝင်ငွေခွန် အမျိုးအစား တစ်ရပ် ဖြစ်ပြီး ဝင်ငွေ ဖြစ်ထွန်း ပေါ်ပေါက်ချိန်မှာ ပင်ရင်းမှ ဖြတ်တောက်နှုတ်ယူပြီး ဝင်ငွေ ရရှိသူကိုယ်စား

ငွေပေးချေသူက ကိုယ်စား ဆောင်ပေးရတာ ဖြစ်ပြန်ပါရော။

အဲ့ဒီမှာ တစ်ယောက်က ၂% ဆောင် တော့ ၁၀%မှာ ကျန်တဲ့ ၈% ကို နောက်တစ်ယောက်က ဆောင်တာလား တွေ ဒွိဟ ဖြစ်ကုန်ရောပေါ့။

ဝင်ငွေ ဖြစ်ထွန်း ပေါ်ပေါက်ချိန်မှာ 2% WHT ဆိုတာ ပင်ရင်းမှ ဖြတ်တောက်နှုတ်ယူ ပြီး ငွေပေးချေသူက ငွေလက်ခံရမယ့်သူကိုယ်စား ဆောင်ပေးရတာပါ။
ဒါကြောင့် အိမ်ရှင်ရမယ့် ဝင်ငွေ ထဲကနေ ကြိုတင်နှုတ်ယူပြီး 2% ဆောင်ပေးတယ်လို့ အိမ်ငှါးက လျှော့ပေးချေမယ် /ကိုယ်စား ဆောင်ပေးမယ်ဆိုရင် အိမ်ရှင်ရဲ့ နာမည်နဲ့ ဆောင်ပေးရမှာ ဖြစ်ပြီး အဲ့လို အခွန်ပေးဆောင်ထားတဲ့ အထောက်အထားကို ဝင်ငွေ လက်ခံရရှိမယ့် သူက ပြန်လည် ရယူထားရမှာ ဖြစ်ပါတယ်။
ဒီဥပမာအရ ဆိုရင် 2% ဆောင်ပေးတာက အိမ်ငှါး ဖြစ်ပြီး ဆောင်ရတဲ့ ပိုက်ဆံက အိမ်ရှင်ရမယ့် ပိုက်ဆံထဲက ဖြစ်ပါတယ်။

 ဒါဆို အိမ်ရှင်ဘက်က ပြန်ကြည့်ရအောင်

 သူက ဝင်ငွေ ရရှိသူ ဖြစ်လို့ ပစ္စည်း ခေါင်းစဉ် ကနေ အိမ်ငှါးခရငွေ အတွက် ၁၀% အခွန်ထမ်းဆောင်တဲ့ အခါ
ခုန ၂% ဆောင်ထားတဲ့ အထောက်အထား ပြန်လည် တင်ပြရင် ခုနှိမ်ပြီး ကျန်တဲ့ ၈% ကို မိမိ ကိုယ်တိုင် မိမိရဲ့ ဝင်ငွေ ကနေ direct tax အနေနဲ့ ဆောင်ရမှာ ဖြစ်ပါတယ်။
ဒါဆို ၂% တွေ ၈% တွေ ၁၀%တွေ ရှင်းသွားမယ် ထင်ပါတယ် 

ကျွန်မ အခွန်ရုံးက မဟုတ်ပါ။

မိမိလေ့လာထားသမျှ ပြန်လည်မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။

အချို့က နောက်မှ ဖတ်မယ် ဆိုပြီး share သိမ်းထားတာတွေသာ များလာတယ်၊ မဖတ်ဖြစ်တဲ့ သူတွေ အများကြီးပါ။
ဒါကြောင့် စာတွေ အရှည်ကြီး ရေးပေးတဲ့ စေတနာကို ငဲ့ညှာသော အားဖြင့် စာလေးတွေ ဖတ်ပေးကြပါလို့ မေတ္တာ ရပ်ခံချင်ပါတယ်။
နောက်တစ်ခုက ကျွန်မ ကိုးကား ထားတာ ၂၀၁၆ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေ ပါ ။
၂၀၁၇ ထွက်နေပါပြီဒါလေးတော့ စိတ်ပါဝင်စားတယ် ဆိုရင် မိမိဘာသာ ရှာဖတ်သိမ်းဆည်းကြပါလို့။

 Credit : ခင်သီတာဇော်

 

No Internet Connection