သင့်အတွက် အကောင်းဆုံး အိမ်ခြံမြေများကိုရှာဖွေလိုက်ပါ

ရောင်းရန်နှင့်ငှားရန်ရှိသော အိမ်ခြံမြေများ

 

 

အိမ်ခြံမြေနဲ့ ပတ်သတ်ပြီး စာရွက်စာတမ်း လိမ်လည်မှုတွေ၊ အတုပြုလုပ်တာတွေ မခံရအောင် ကိုယ်ပိုင်ဆိုင်တဲ့ စာရွက်စာတမ်းက မိတ္တူကအစ တခြားသူကို အလွယ်တကူ မပေးသင့်ဘူးလို့ သိရတယ်။

 ဈေးကွက်ထဲမှာ အရောင်းအဝယ်အတွက် စာရွက်စာတမ်းစစ်ဖို့၊ဝယ်မယ့်သူကို ပြဖို့၊အမည်ပြောင်းလဲဖို့စတဲ့အကြောင်းအမျိုးမျိုးတွေနဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကို မိတ္တူပေးပြီး အလွယ်တကူယုံကြည်မှုနဲ့ ပြုလုပ်ကြတယ်။လုပ်ရိုးလုပ်စဉ်ဆိုပေမဲ့ တချို့က ယုံကြည်မှုကို အလွဲသုံးစားပြုလုပ်ပြီး လိမ်လည်ရောင်းစားခံရတာတွေ ဖြစ်ပွားကြတာပါ။ 

လိမ်လည်သူတွေရှိတာကြောင့် မှန်မှန်ကန်ကန်လုပ်ဆောင် နေတဲ့အကျိုးဆောင်တွေကိုပါမယုံကြည်မှုတွေကြုံတွေ့ရတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

ခြံဝယ်ဖို့ လာစုံစမ်းတဲ့သူကို ရောင်းချင်စိတ်များပြီးစာရွက်စာတမ်း မိတ္တူတွေ ပေးလိုက်မိရာက ရောင်းစားခံလိုက်ရတဲ့ဦးတင် (အမည်လွှဲ)က“မြို့စွန်ကခြံကိုဝယ်ဖို့စုံစမ်းတာဆိုပြီးအမျိုးသမီးနှစ်ဦးလာတယ်၊ ဝယ်ဖို့သေချာတယ်၊ အစ်ကိုက ပြည်ပရောက်နေလို့ စာရွက်စာတမ်းပြချင်တာကြောင့် မိတ္တူလေးပဲဖြစ်ဖြစ် ပေး လိုက်ပါ၊ဝယ်မှာသေချာပါတယ်၊သူပြန်ရောက်တာနဲ့ ငွေလာချေမှာပါ၊ သူတို့က ပွဲစားလဲမဟုတ်တော့ပွဲခမကုန်ဘူးဆိုတော့ ပွဲခပါလျှော့ပေးပါ၊ အတိအကျအသေအချာပြောနေတာကြောင့် မိတ္တူကူးပေးလိုက်တာ ရောင်းစားခံလိုက်ရတယ်” လို့ သူကြုံခဲ့ရတာကို ပြောပြပါတယ်။

 

မြို့စွန်ကခြံကိုဝယ်ထားတာကြာပေမဲ့တစ်လတစ်ခါလောက်ပဲ ကြည့်ဖြစ်ခဲ့တယ်။အသုံးလိုလို့ ပြန်ရောင်းချင်တာကြောင့် အမြန်ရောင်းမည် ဆိုပြီး ဖုန်းနံပါတ်နဲ့ ဆိုင်းဘုတ်ရေးခဲ့တာပါ။

ဖုန်းနဲ့ဆက်သွယ်ပြီးအမျိုးသမီးနှစ်ဦး ရောက်လာတာဖြစ်ပါတယ်။အမျိုးသမီးတွေက နောက်တစ်လကြာရင်သူတို့ဝယ်မယ့်အစ်ကိုနဲ့ လာမှာဖြစ်တာကြောင့် တခြားသူတွေပါမရောင်းဖို့၊ ဆိုင်းဘုတ်ရော မချိတ်ဖို့၊ စောင့်ပေးဖို့ ပြောကြတယ်။

 

နှစ်လကျော်တဲ့အထိ မလာတာကြောင့် ဦးတင်က သူ့ခြံကို အရောင်းပြန်ချိတ် ဖို့သွားကြည့်ရာကခြံထဲမှာ သူစိမ်းတွေ ရောက်နေတာ ေ တွ့ခဲ့တယ်။သူ့ခြံကို ရောင်းစားခံလိုက်ရမှန်း သိခဲ့ရပြီး ရှေ့နေတွေနဲ့ တိုင်ပင်ပြီး အနိုင်ဒီကရီနဲ့ ပိုက်ဆံကုန် လူပင်ပန်းပြီး ပြန်ရအောင် ယူခဲ့ရတယ်လို့ အဖြစ်အပျက်ကို ပြောပြပါတယ်။

ဈေးကွက်ထဲမှာစာရွက်စာတမ်းအတုလုပ်ရောင်းချတာတွေကပုံစံအမျိုးမျိုးနဲ့ရှိကြတာပါ။ကိုယ့်ရဲ့ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကို မိတ္တူပါ အလွယ်တကူ မပေးသင့်တော့ဘူးလို့ အကျိုးဆောင်တချို့နဲ့ ရှေ့နေတချို့က ပြောပါတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က “အပြင်သူတွေတင် အလိမ်ခံရတာ မဟုတ်ဘူး၊ အကျိုးဆောင်တွေပါ တစ်ခါတစ်လေ အလိမ်ခံရ တာတွေ ရှိတယ်၊ ဈေးကွက်ထဲကို စာရွက်စာတမ်းအတုတွေ ယူလာပြီး ရောင်းကြတာတွေ၊ အကျိုးဆောင်အချင်းချင်းတောင် ရင်းနှီးတဲ့ သူတွေကလွဲပြီး သိပ်ယုံကြည်လို့ မရဘူး” လို့ ပြောပါတယ်။

အရောင်းအဝယ် လုပ်တဲ့အခါမှာ စရံငွေမရသေးဘဲ စာရွက်စာတမ်း မိတ္တူပေးစရာမလိုတာ၊ ကိုယ်ပေးမယ့်သူနဲ့ ကိုယ်နဲ့ကြားမှာ ပေးရလောက်တဲ့ ယုံကြည်လို့ရတဲ့အကြောင်းရင်းနဲ့ခိုင်မာမှုမရှိဘဲအလွယ်တကူမပေးသင့်ဘူးလို့သိရပါတယ်။

စရန်ငွေနဲ့ ဈေးကွက်လှည့်ပြီးအရောင်းအဝယ်လုပ်ကြတဲ့ ဈေးကွက်ကောင်းနေချိန်တုန်းကလည်းမိတ္တူမှန်နဲ့မိတ္တူအတုတွေကြောင့် ဈေးကွက်ပျက်ခဲ့ရတာမျိုးတွေရှိခဲ့တယ်လို့ အကျိုးဆောင်တချို့ဆီက သိရတယ်။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က "အတုလုပ်ရောင်းတာတင်မကဘူး၊ စာရွက်စာတမ်းကိုပဲ ဈေးကွက်ထဲမှာ နှစ်စောင်သုံးစောင်တွေဖြစ်နေတာ၊ ဌာနဆိုင်ရာတွေလဲ အခုတော့ပြန်ပြီး သေချာစိစစ်နေပါပြီ၊ ပါမစ်၊ ဂရန် အတုအစစ်ခွဲခြားပေးနိုင်မယ့် ရုံးခန်း၊ စင်တာတွေရှိရင်တော့ ပိုပြီးကောင်းမယ်" လို့ ပြောပါတယ်။

 အိမ်ခြံမြေလောကမှာ ကြုံတွေ့နေရတဲ့ အတုနဲ့ အစစ်က လက်မှတ်တွေ ဆင်တူယိုးမှား၊ အချက်အလက်တွေကလည်း တူညီနေတာ မျိုးတွေရှိပြီး အမှားအမှန် ခွဲခြားရ မလွယ်သူဘူး။သက်ဆိုင်ရာရုံးဌာနမှာ စစ်ဆေးပြီး ဝယ်ထားတဲ့ ပိုင်ရှင်နှစ်ဦး၊သုံးဦးဖြစ်နေတာတွေလည်း ရှိကြပါတယ်။

တရားဝင်ပါမစ်တစ်စောင်ပဲ ထုတ်ပေးထားတာဆိုပေမဲ့ ဘယ်ဌာနဆိုင်ရာကမှ သည်စာရွက်စာတမ်းတွေကို အတု၊အစစ်ဆိုတာ တရားဝင် အာမခံပေးနိုင်တာမျိုး မရှိဘူး။လက်ခံစာရင်းနဲ့ တူညီကိုက်ညီမှု ရှိမရှိ တိုက်စစ်ပေးရုံပေးရှိတာ၊ အတုနဲ့အစစ် ခွဲခြားပေးနိုင်မှသာ အတုတွေပျောက်သွားမှာ ဖြစ်တယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။ သည်နောက်ပိုင်းမှာ ဌာနဆိုင်ရာတွေကနေ အမည်ပြောင်းလဲ လျှောက်တာတွေ၊ အရောင်းအဝယ်တွေမှာ ဌာနကို လာရောက်ကြတဲ့ သူတိုင်းကို သတင်းစာထဲမှာ တရားဝင်ထည့်ကြော်ငြာပြီး ကန့်ကွက်သူမရှိရင် အရင်ကထုတ်ပေးထားတဲ့ ဂရန်ကို ဖျက်သိမ်းပြီး စာရွက်စာတမ်းတွေကို ပြန်ပြီးစိစစ်နေတယ်လို့ သိရပါတယ်။


Credit  : The Modern

 

No Internet Connection