မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်နှင့်တွေ့ဆုံခြင်း အပိုင်း ၁

 စစ်အစိုးရလက်ထက်က ငွေမည်းခဝါချသည့် နေရာအဖြစ် အသွင်ပုံသဏ္ဍန်ပေါ်ခဲ့သော မြန်မာ့အိမ်ခြံမြေဈေးကွက်သည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှစတင်၍ ဈေးနှုန်း နှင့်အရောင်းအဝယ်ကျဆင်းခဲ့ပြီး ယခု NLD အစိုးရလက်ထက်တွင်လည်း ဆက်လက် ကျဆင်းလျက်ရှိသည်။ အိမ်ခြံမြေဈေးကွက်အလားအလာနှင့် ဖြစ်ပေါ်လာနိုင်ခြေများကို မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်ကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။ လက်ရှိလူထုရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတက်လာတာ ၃ နှစ် ရှိပြီပေါ့လေ ဒီကာလအတွင်းမှာ အိမ်ခြံမြေနဲ့ပတ်သက်ပြီးတော့ ဈေးကွက်က ဘာတွေပြောင်းသွားလဲ။

ဖြေ ။ ။ အဓိက အခု ကျနော်တို့ ပြည်သူ့အစိုးရတက်လာပြီး ၃ နှစ်ကျော်သွားပြီပေါ့နော်၊ ကျော်သွား တဲ့အခါမှာ အိမ်ခြံမြေအတွက် အများကြီး အထောက်အကူပြုနိုင်တဲ့ဟာတွေ လုပ်နိုင်ပြီလားဆိုတော့ မလုပ်နိုင်သေးဘူးပေါ့နော်။ ဦးစားပေးလုပ်ရမယ့်ဟာတွေက ကျနော်တို့တိုင်းပြည်မှာ အရမ်းများနေတဲ့အခါကျတော့ သူတို့လည်း အခုနောက်ပိုင်း တော့ ကျနော်မြင်တယ်၊ စီးပွားရေးကဏ္ဍကို နည်းနည်း ဇောင်းပေးပြီးလုပ်လာတယ်လို့ မြင်တယ်လေ။ နောက်ပိုင်းတော့ ကောင်းလာမယ်လို့ ထင်တယ်။

မေး ။ ။ ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပိုင်း ၅ ပိုင်းခွဲပြီ မြို့ပြဖွင့်ဖြိုးမှု ဧရိယာ လူနေသိပ်သည်းမှု ဧရိယာတွေ ၊ နောက်ပြီး မြို့ပြဖွင့်ဖြိုးမှုတိုးမြှင့်ဆောင်ရွက်မယ့် ဧရိယာတွေ စနစ်တကျ တိုးတက်အောင် ဆောင်ရွက်မယ်ဆိုတာက အိမ်ခြံမြေဈေးကွက်ကို ဘယ်လောက်ထိ အထောက်ကူပြုမလဲ။

ဖြေ ။ ။ အခု မြို့တော်ဝန်ပြောတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ သုံးသပ်ရမယ်ဆိုရင် ကျနော်တို့တိုင်းပြည်ရဲ့ Infrastructure ပေါ့နော်၊ မြို့ပြ အခြေခံအဆောက်အအုံပိုင်း တွေက အရမ်းအားနည်းမှုရှိတယ်၊ မြို့တော်ဝန်ပြောတာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်တာပေါ့။ ဆိုတဲ့အခါကျတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီ အခြေခံအဆောက်အအုံ ကိစ္စတွေ ဆောက်လို့ရှိရင် ကျနော်တို့ အိမ်ခြံမြေကိုတော့ အနည်းနဲ့အများတော့ အထောက်အကူပြုလာလိမ့်မယ်လို့ ယုံကြည်တာပေါ့နော်။ ဒီ လူနေအိမ်ရာတွေကို သိပ်သည်းမှုကို ဖြန့်ကျက်ပြီးလုပ်မယ့် ဟာမျိုးသော်လည်းကောင်း၊ တခြား Infrastructure သော်လည်းကောင်းပေါ့၊ အခု အမြန်လမ်းဆောက်မယ့်ဟာတွေ၊ မိုးပျံရထားဆောက်မယ့်ဟာတွေ၊ ဒီ ခုံးကျော်တံတား ဆောက်မယ့်ဟာတွေ ဒါ Infrastructure နဲ့ ပတ်သက်တာပေါ့လေ။ Infrastructure ပတ်သက်ပြီးတော့ ဘယ်နည်းဘယ်ပုံပဲလုပ်လုပ် ကျနော်တို့ အိမ်ခြံမြေကို အထောက်အကူပြုမှာတော့ သေချာတယ်။

မေး ။ ။ လက်ရှိအိမ်ခြံမြေဈေးကွက်ကြီးတခုလုံးကရော ဘယ်လိုဖြစ်သွားလဲဆရာ အရင်တုန်းကတော့ စစ်အစိုးရလက်ထက်တုန်းကဆိုလို့ရှိရင် အိမ်ခြံမြေဈေးကွက်တခုလုံးက အမြှင့်ဆုံးအပိုင်းမှာရှိတယ်ပေါ့နော် ၊ အခုလက်ရှိအခြေအနေကရော အဲ့လိုအခြေအနေမျိုးလား ဘယ်လိုဖြစ်သွားလဲ အရောင်းအဝယ်ကရော ဘယ်လိုဖြစ်နိုင်မလဲ။

ဖြေ ။ ။ အရင်ထက်စာလို့ရှိရင် အခုနောက်ပိုင်းက ဒီအိမ်ခြံမြေက အများသိတဲ့ အတိုင်းပေါ့လေ ဈေးနည်းနည်းအေးသွားပြီးတော့မှ၊ အဓိကတော့ အိမ်ခြံမြေ ဈေးကွက်ထဲမှာ စီးဆင်းနေတဲ့ ငွေတွေဟာ နည်းသွားတာပေါ့။ နည်းသွားတဲ့အခါကျတော့ မမြိုင်တော့ဘူး။ မမြိုင်ရင်းနဲ့ကို ဈေး တဖြည်းဖြည်းနဲ့ ဆင်းဆင်းလာတာ အခုဆိုရင် ပထမတုန်းက ရာခိုင်နှုန်း အစိပ်လောက် သုံးသပ်တာ ပေါ့နော်။ အခု ဒီဘက် ပိုပါးလာတဲ့နှစ်မှာ ရာခိုင်နှုန်း ၃၅၊ ၄၀ လောက်ကို အခု ဆင်းသွားတာပေါ့လေ။ ဆင်းသွားတော့ ဘာကွာခြားချက်ရှိသွားလဲဆိုတော့ Main ကတော့ အဓိက ဒီအိမ်ခြံမြေဈေးကွက်ထဲမှာ စီးဆင်းနေတဲ့ငွေတွေ တော်တော်များများက ဒီအထဲမှာ မရှိတော့ဘူး။ ပြန့်သွားတဲ့သဘောရှိတာပေါ့လေ။

မေး ။ ။ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံနေတာက ငွေမည်းတွေလို့ပြောဆိုကြတာ ဟုတ်ပါသလား။

ဖြေ ။ ။ အဲဒီ ငွေမည်းလို့ပြောတာက တခြားတိုင်းပြည်မှာတော့ ကျနော် မပြောလိုဘူးပေါ့နော၊ ကျနော်တို့တိုင်းပြည်မှာက အခု ငွေမည်းကို ဇောင်းပေးပြီးတော့မှ ပြောနေတာကတော့ ကျနော့်အနေနဲ့ လက်မခံဘူး။ ဘာလို့ဆို ကျနော်တို့တိုင်းပြည် အခြေအနေက နိုင်ငံတကာလိုမျိုး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေက အများကြီး မရှိဘူး။ အများကြီးမရှိတော့ ဒါ အိမ်ခြံမြေကို ဝင်တိုးကြတယ်ဆိုတာက ဒါ စီးပွားရေးလုပ်တဲ့လူတွေက စီးပွားရေး အဆင်ပြေဖို့၊ ဒီလိုပဲ တခြားကဏ္ဍမှာ ရင်းနှီးမြှုပ်နှံတဲ့လူတွေလည်း အဆင်ပြေဖို့ ဆိုတဲ့အခါကျတော့ ဒီ ငွေကြေးစီးဆင်းမှု ထဲကို တိုးလာတာ သဘာဝကျတယ်။ ပြောမယ်ဆိုရင်တော့ နိုင်ငံတကာလို ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များနေတဲ့တိုင်းပြည်ဆိုရင် ဒီငွေမည်းကို ဇောင်းပေးပြီးပြောတာက သဘာဝကျတာပေါ့နော်။ မြန်မာပြည်မှာက ဒီ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း နည်းနေတဲ့အချိန်မှာ ငွေမည်းကို ဇောင်းပေးပြီးတော့မှ အိမ်ခြံမြေကို ပါးစေတာတို့၊ တခြားစီးပွားရေးကို ပါးစေတာတို့ ဖြစ်လို့ရှိရင် တကယ်နစ်နာက ပြည်သူတွေပဲနစ်နာတာ၊ ကျနော်တို့ အကြီးကြီးတွေက အလုပ်လုပ်လို့ အားမသာဘူးဆိုရင် အလတ်တွေလည်း လုပ်လို့အခွင့်အရေးမရှိဘူးပေါ့နော်။ အလတ်တွေက ရုန်းနိုင်ဖို့အားမရှိဘူးဆိုရင် အငယ်လေးတွေလည်း လုပ်ဖို့အားမသာဘူး။ ပြောမယ်ဆိုရင်တော့ စီးပွားရေးက မြန်မာပြည်မှာ ချိတ်ဆက် နေတာ အကုန်လုံးက၊ ချိတ်ဆက်နေတော့ ဒီငွေမည်းကို ဇောင်းပေးပြီးတော့မှ ငွေမည်းဝင်လာပြီးတိုးလို့ ဒီလိုဈေးတက်တယ် ထိုးချပြီးတော့မှ ဈေးအေး အောင်လုပ်တာက မြန်မာပြည်အနေနဲ့က လုံးဝသဘာဝမကျဘူး။ တကယ် နစ်နာက ပြည်သူတွေနစ်နာတာပါ။

မေး ။ ။ နိုင်ငံရင်းနှီးမြှုပ်နှံမှုအတွက် ဒီနိုင်ငံမှာ မြေဈေးကြီးလို့ ရင်းနှီးမြှုပ်နှံမှုတွေ မဝင်ဘူးလည်း ပြောနေတာ ဘယ်လိုမြင်လဲ။

ဖြေ ။ ။ မြေဈေးကြီးတယ်ဆိုတာကလေ တစ်စိတ်တစ်ပိုင်းတော့ မှန်တာပေါ့နော်။ ဒါပေမယ့် ကျနော်တို့ အာဆီယံနိုင်ငံတွေနဲ့ ချိန်လို့ရှိရင်တော့ ကျနော်တို့နိုင်ငံက မြေဈေးကြီးတယ် ကြီးတယ် အော်ကြတဲ့ အကြောင်းအရင်းက အဓိကကတော့ တက်သွားတဲ့ Speed က အရမ်းမြန်တယ်၊ သူများတိုင်းပြည်လို တအိအိနဲ့ တက်သွားတာမဟုတ်ဘဲနဲ့ ဒီ ၁ နှစ် ၂ နှစ်အတွင်းမှာကို ရာခိုင်နှုန်း ၁၀၀၊ ၂၀၀ တွေ တက်သွားတဲ့အခါကျတော့ မြေဈေးကြီးတယ်လို့ ယူဆရတယ်။ တကယ့် တကယ် ချိန်ထိုးမယ်ဆိုရင် စင်ကာပူလောက်လည်း ဈေးမရှိဘူး၊ တချို့ ဘန်ကောက်လို စီလုံးနေရာလိုမျိုးဟာမျိုးနဲ့ဆိုရင် တစ်ပေပတ်လည်မှာတောင်ဆိုရင် သိန်း ၂၀ နီးပါး ရှိတယ်။ ဒီလိုချိန်လို့ရှိရင်တော့ နိုင်ငံတကာနဲ့စာလို့ရှိရင် ကြီးတယ်လို့ပြောတဲ့ဟာက ခုန High Speed နဲ့ တက်သွားလို့သာ လူတွေက လန့်ပြီး ကြီးတယ်လို့ပြောကြတာ။ တကယ်ချိန်လို့ရှိရင် တိုကျိုထက်လည်း အများကြီးဈေးသက်သာတယ်၊ တိုကျို ကင်တာလိုနေရာမျိုးဆိုရင် 1 square feet ဆိုလို့ရှိရင် ပြောမယ်ဆိုလို့ရှိရင် သိန်းနဲ့ချီပြီး ရှိတဲ့နေရာတွေရှိတယ်။ မြန်မာပြည်အနေနဲ့ကတော့ တခြားနိုင်ငံနဲ့ယှဉ်လို့ရှိရင် မြေဈေးကြီးတာမဟုတ်ဘူး၊ တက်သွားတဲ့ Spped က အရမ်းကြီးတာပေါ့နော်၊ ခြုံငုံပြီးတော့မှ အကုန်လုံးကြီးတယ်လို့ပြောရင်တော့ မှားတာပေါ့နော်။ တကယ့်တကယ်က သူ့နေရာနဲ့သူကတော့ တချို့နေရာတွေကတော့ အစိတ်အပိုင်းတစ်ခု မှန်တယ်၊ နိုင်ငံခြားနဲ့ယှဉ်ရင် တချို့နေရာတွေက ဈေးကြီးတယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် အားလုံးခြုံပြီး ဈေးကြီးတာတော့ မဟုတ်ဘူး၊ သက်သာတဲ့နေရာက အခုထိ သက်သာနေတုန်းပဲ။ ကွန်ဒိုမီနီယံဆို အခု ဈေးကြီးတယ်လို့ ပြောလို့မရဘူး။ ဒီ ဘန်ကောက်မှာရှိတဲ့ ကွန်ဒိုမီနီယံနဲ့ ယှဉ်ကြည့်လို့ရှိရင် ဈေးသက်သာနေသေးတယ်။ ဒါကြောင့်မို့လို့ အခုဟာကတော့ အခိုက်အတန့် အစိုးရလည်း အေးစေချင်တဲ့ပေါ်မှာ အေးသွားပြီပေါ့နော်။ အေးတဲ့ Side Effect က ဘာလဲဆိုတော့ အားလုံး ငွေကျပ်ပြီးတော့မှ စီးပွားရေးမကောင်းတာကြီးကို ဖြစ်သွားတဲ့ဟာတွေက မြင်နေရပြီလေ။ ဒါ အေးစေချင်တဲ့ အကြောင်းအရာပေါ့လေ။ ဒီထက် ဆက်အေးလို့ရှိရင် ဒီထက် ဆက်ပြီးတော့ ပြည်သူလူထုကြားထဲမှာ အလုပ်အကိုင်အခွင့်အလမ်းတွေရော၊ စီးပွားရေး ရင်းနှီးမြှုပ်နှံတဲ့ အခွင့်အလမ်းတွေရော ဒီထက်ပိုကျပ်လာစရာ အကြောင်းရှိတာပေါ့လေ။

မေး ။ ။ အဲဒါ အဓိကက ဒီ အိမ်ခြံမြေဟာ နိုင်ငံရဲ့စီးပွားရေးမှာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါနေတယ်လို့ ပြောချင်တာလား ။

ဖြေ ။ ။ မှန်တာပေါ့၊ ကျနော်တို့တိုင်းပြည်အခြေအနေအရ အိမ်ခြံမြေက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုမှာ ပါနေတယ်။ သဘောတစ်ခုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများကြီးဝင်လာမယ်။ ကျနော်တို့တိုင်းပြည်မှာ မြေဈေးတွေက ဈေးတွေအရမ်းဆွဲချပြီး ပေါနေလို့ရှိရင် ကျနော်တို့တိုင်းပြည်မှာရှိတဲ့ လုပ်ငန်းရှင် ဘယ်နှဦးလောက်က Capacity အကြီးကြီးပိုင်တဲ့လူတွေရှိလဲ။ သဘောတရားက ကျနော်တို့တိုင်းပြည်မှာရှိနေတဲ့ ရင်းနှီးမြှုပ်နှံတဲ့လူတွေက မြေပဲအားကိုးရမှာ။ နိုင်ငံခြားသားက ဝယ်ယူခွင့်မရှိဘူး၊ ကျနော်တို့တိုင်းပြည်က ဒီ လုပ်ငန်းရှင်တွေ၊ တိုင်းရင်းသားတွေ၊ ကျနော်တို့ နိုင်ငံသားတွေက ပိုင်နေတဲ့မြေနဲ့ပဲ သူတို့နဲ့ တန်းညှိပြီးတော့မှ ရင်းနှီးမြှုပ်နှံရမှာလေ။ သို့မဟုတ်ရင် ကျနော်တို့တိုင်းပြည်ရဲ့ Capacity အကြီးကြီးရှိတဲ့လူတွေက လက်ချိုးရေလို့ရပါတယ်၊ ကျန်တဲ့လူတွေက မြေဈေးအရမ်းပေါနေရင် ယှဉ်နိုင်ဖို့ အခွင့်အလမ်းက အရမ်းနည်းပါတယ်။ ဒါလေး Highlight လုပ်ချင်တာပါ။

မေး ။ ။ အဲဒီတော့ မြေကို အားသာချက်ယူပြီးတော့ သူတို့နဲ့ယှဉ်ရမှာလား။

ဖြေ ။ ။ အဓိက မြေဈေးအရမ်းဆွဲချလို့ရှိရင် ကျနော်တို့တိုင်းပြည်ကလူတွေက သူတို့နဲ့ ဒီ နယ်ပယ်အသီးသီး ရင်းနှီးမြှုပ်နှံတဲ့အခါမှာ ကျနော်တို့တိုင်းပြည်ကလူတွေက အောက်ရောက်သွားလိမ့်မယ်။ Capacity အရ ဘယ်လိုမှ နိုင်ငံခြားတိုင်းပြည်ကို ယှဉ်လို့မရဘူး ကျနော်တို့က၊ အဲဒီတော့ မြေဈေးအရမ်းဆွဲချလို့ရှိရင် ကိုယ့်တိုင်းပြည်ကလူတွေ ဒီလို ချိတ်ဆက်ပြီး ရင်းနှီးမြှုပ်နှံတဲ့အခါမှာ ကျနော်တို့တိုင်းပြည်ကလူတွေက အများကြီးအားနည်းမှာပေါ့လေ။ သူများနင်းစရာဖြစ်သွားလိမ့်မယ်။

မေး ။ ။ အိမ်ခြံမြေကို အခွန်လျှော့သင့်တယ်ဆိုပြီး ပြောနေကြတော့ အခွန်လျှော့ရင် ဒီစီးပွားရေး ပြန်လည် လည်ပတ်လာနိုင်မလား။

ဖြေ ။ ။ ဒီ အခွန်လျှော့ဖို့ကို ရှေ့မှာ သူတို့ကြိုးစားကြတာ၊ တကယ့်တကယ်လည်း လုပ်ပေးသင့်တာပေါ့လေ။ အခွန်လျှော့တာက ပွင့်ပွင့်လင်းလင်းပြောရင်တော့ ဒီ ၃ ရာခိုင်နှုန်းနဲ့ ၅ ရာခိုင်နှုန်းဆိုတာက ဒီ တစ်နှစ်ပဲ၊ ၃၆၅ ရက်က ခဏလေးနဲ့ပဲ ကုန်သွားလိမ့်မယ်။ ဘာကောင်းကျိုးဖြစ်လာမလဲဆိုတော့ အိမ်ခြံမြေ နည်းနည်းလေး ပြန်လည်လာလိမ့်မယ်၊ ပြီးလို့ရှိရင် နဂိုမူလအတိုင်း ပြန်ကောင်းမယ်လို့ ကြော်ငြာပြီးသားလေ။ ဒါကို မလျှော့နိုင်တဲ့အခါကျတော့ ကျနော်တို့ ဒီ ဈေးကွက်စီးပွားရေးတစ်ခု ပြန်ကောက်နုတ်ဖို့ နည်းနည်းလေး ကြန့်ကြာသွားတဲ့အနေအထား ဖြစ်သွားတာပေါ့လေ။ တကယ့်တကယ် လျှော့ပေးဖို့ သင့်တယ်၊ အခုလည်း ဆက်လုပ်သင့်တယ်လို့ ယူဆတယ်။

မေး ။ ။ ဘယ်လောက် အခွန် လျှော့သင့်လဲ။

ဖြေ ။ ။ ၃ နဲ့ ၅ နဲ့ မဖြစ်ရင်တောင်မှလေ ၇၊ ၁၀ ပေါ့လေ၊ သို့မဟုတ်ရင်လည်း ၁၀၊ ၁၅ လောက်ပေါ့လေ။ နည်းနည်းတော့ လုပ်ပေးဖို့သင့်တယ်။ ဘာလို့လဲဆိုတော့ တိုင်းပြည်မှာက အခု ဒီ ဝယ်ရောင်းတွေက အများစု ပျောက်နေကြပြီပေါ့နော်၊ အခု တကယ့်တကယ်က အမှန်တကယ်အသုံးလိုတဲ့သူတွေ၊ တကယ်ရင်းနှီးမြှုပ်နှံမယ့် အသုံးလိုတဲ့လူတွေ၊ နေမယ့်လူတွေပဲ အခု ဝယ်နေတဲ့အခါကျတော့ ဒီ လူတွေအတွက်က ဝန်ထုပ်ဝန်ပိုးဖြစ်စေတာပေါ့။ တစ်ထောင်နဲ့အထက်ဝယ်ရင်ပဲ သိန်း ၃၄၀၊ ၃၄ ရာခိုင်နှုန်း အပိုကုန်ရမယ့်ငွေကျတော့လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေတာပေါ့လေ။ နောက်တစ်ခု ဒီနှုန်းမပြောင်းဘူးဆိုရင် တစ်ဆက်တည်းမှာပဲ ကွန်ဒိုလော (Condo Law) ထွက်လာမယ်၊ ကွန်ဒိုလော ထွက်ပြီ၊ ဒီဥပဒေထွက်ပြီ၊ ကော်မတီတစ်ရပ်ဖွဲ့စည်းပြီးတော့မှ နိုင်ငံခြားသားဝယ်ယူနိုင်အောင် လုပ်နေတယ်၊ လုပ်နေတဲ့အပေါ်မှာ ဒီအခွန်နှုန်းထား မလျှော့ဘူးဆိုရင် ဘယ်နိုင်ငံခြားသားမှဝယ်ဖို့ သိပ်မရှိဘူး၊ အခွန်များတာပေါ့လေ နော်။

သိန်းတစ်ထောင်အထက်ကို ပြည်တွင်းအခွန်က ၃၀ ရာခိုင်နှုန်း၊ တံဆိပ်ခေါင်းခွန်က ၄ ရာခိုင်နှုန်း၊ ၃၄ ရာခိုင်နှုန်း ဆောင်ရမှာ၊ ဆိုတော့ နိုင်ငံခြားသားတွေ ဝယ်ဖို့ မဖြစ်နိုင်ဘူး။

ဦးစိုင်းခွန်နောင်

ရန်ကုန်တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ
ဒါကြောင့်မို့လို့ လုပ်ငန်းရှင်တွေလည်း အကြံပြုကြတယ်၊ ပြောကြတယ်။ ဒီ တော်တော်များများပြောကြတယ်။ ကျနော်တို့လည်း အခွင့်အခါသာတိုင်း ပြောတာပေါ့လေ။ ဒါ တကယ်လိုအပ်လို့ပါ။ ဒီ လုပ်ငန်းရှင်တွေလည်း တဖြည်း တဖြည်း ကျပ်လာတာ အများအမြင်ပဲလေ။ အလကားနေရင်းနဲ့ တောင်းဆိုနေတာ၊ အလကားနေရင်းနဲ့ အော်နေတာ မဟုတ်ပါဘူး။ ကျနော်တို့က အစပေါ့၊ ကျနော်တို့ အသေးပါ။ ကျနော်တို့ထက်ကြီးတဲ့ နောင်တော်တွေ အများကြီး၊ ဆောက်လုပ်ငန်းရေးလုပ်ငန်းရှင်တွေ အများကြီးကျပ်တယ်။ တကယ်ကျပ်လို့ တကယ်အော်ကြတာ။ တကယ်လျှော့စေချင်တာပေါ့လေ။ ခုနပြောသလို တစ်ခါလေးလျှော့လိုက်တာနဲ့ စက်လေးကောက်နိုးသွားလို့ရှိရင် သူ့ဘာသာသူ ပြန်လည်သွားတဲ့အခါကျရင် ပုံမှန်ပြန်ကောက်လို့ရှိရင်တော့ အသက်ရှူချောင်ကြတာပေါ့။ အခု ကျပ်နေတဲ့အချိန်မှာ ဘာမှမလုပ်ပေးနိုင်လို့ရှိရင်တော့ ဒီထက်ပိုဆိုးဖို့ရှိတယ်။

မေး ။ ။ ဘဏ်တွေထဲမှာ အပေါင်ခံထားတဲ့ အိမ်ခြံမြေအကွက်တွေအများကြီးပိုက်မိနေတယ် ဆိုတဲ့သတင်းတွေကြားနေရတယ်။ အဲဒီအပေါ် ဘယ်လိုသုံးသပ်ချင်ပါသလဲ။

ဖြေ ။ ။ အဲဒါအမှန်ပဲ၊ ကျနော်လည်း ကြားပါတယ်။ နောက် ဘဏ်မှာ၊ ကျနော်တို့တိုင်းပြည်က အပေါင်ပစ္စည်းပါမှ ငွေထုတ်ချေးလို့ရတာလေ။ အများကြီးပေါ့လေ။ ခု လုပ်ငန်းရှင်၊ ကျနော်နဲ့လည်း အများကြီးစကားတွေပြောဖြစ်ပါတယ်။ အများစုက ကျပ်နေကြတယ်။ တချို့ဆို ဘဏ်တိုးတောင် မသတ်နိုင်ဘူး။ အများကြီးချေးထားကြတာကိုး။ ဒီဟာလည်း ပါတာပေါ့နော်။ အိမ်ခြံမြေ စီးပွားပြန်ကောင်းအောင် နှိုးဖို့ဆိုတာ ဘဏ်တွေအတွက်လည်း ပါတယ်။ ဘဏ်တွေမှာ ပွင့်ပွင့်လင်းလင်းပြောရရင် အများကြီး ပိုက်မိနေတာပေါ့။ တစ်ချက်လေး ကောက်နှိုးလိုက်တာနဲ့ ပြန်ပြီး ဝယ်လာလို့၊ ရောင်းလာလို့ရှိရင် သူတို့လည်း သူတို့ရဲ့ Property ရောင်းပြီးတော့မှ ဆပ်လို့ရတာပေါ့လေ။ ဒီလိုအခြေအနေမျိုးဆို အများအတွက် ကောင်းတယ်။ ခု ဘဏ်ပြောလာလို့၊ ဘဏ်အတွက်လည်း အများကြီးစဉ်းစားပေးရမယ့်အခြေအနေ ရှိတာပေါ့လေ။

Credit : ရန်ကုန်ခေတ်သစ် မီဒီယာ

မြောင်းတကာစက်မှုဇုန်အနီး
မြေကွက်မှော်ဘီ
280 Lakhs
မြေကွက်ရောင်းမည်
မြေကွက်မင်္ဂလာဒုံ
ရောင်းမည်
2500 Lakhs

 

No Internet Connection